ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်အပိုင်း (၃)
- Metta Aid
- Jul 21
- 2 min read
စာရွက်ပေါ်က မူဝါဒထက် လက်တွေ့အသုံးတည့်မယ့် မူဝါဒစနစ် (The MVP Policy) 🛠️
နိုင်ငံတကာအလှူရှင်တွေဆီက ရန်ပုံငွေ (Funding) လျှောက်တဲ့အခါဖြစ်စေ၊ အဖွဲ့အစည်းကို အဆင့်မြှင့်တင်ချင်တဲ့အခါဖြစ်စေ တည်ထောင်သူတွေနဲ့ SMT ခေါင်းဆောင်တွေ အမြဲတမ်း အကြံပြုခံရလေ့ရှိတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ အဖွဲ့အစည်းမှာ HR Policy၊ Procurement Policy၊ Anti-Fraud Policy၊ Safeguarding Policy စတဲ့ မူဝါဒစာအုပ်ကြီးတွေ (တစ်နည်း SOPs လို့လည်း ခေါ်ပါတယ်။) စုံစုံလင်လင် ရှိရမယ်ဆိုတာပါပဲ။
ဒါကြောင့် ဒေသခံ NGO အများစုဟာ နိုင်ငံတကာအဖွဲ့ကြီးတွေဆီက မူဝါဒတွေကို ကော်ပီကူးချပြီး စာမျက်နှာ ရာနဲ့ချီတဲ့ စာအုပ်ကြီးတွေ အပြေးအလွှား ဆွဲကြရပါတော့တယ်။
ဒါပေမယ့် လက်တွေ့မြေပြင်မှာ ဝန်ထမ်း ၅ ယောက်၊ ၁၀ ယောက်ပဲရှိတဲ့ ဒေသခံအဖွဲ့လေးတွေမှာ ဒီလိုစာအုပ်ကြီးတွေ အတင်းလိုက်နာခိုင်းတာဟာ အဖွဲ့အစည်းကို တစ်ကယ်ကာကွယ်ပေးနိုင်ပါ့မလား။ ဒါမှမဟုတ် ဗျူရိုကရေစီ ဝန်ထုပ်ဝန်ပိုးတွေပဲ ဖြစ်လာစေပါမလား ဆိုတာ ကြည့်ရအောင်ပါ။👇
၁။ လက်တွေ့မကျတဲ့ စံနှုန်းများနဲ့ စက္ကူပေါ်က လိုက်နာမှု (Paper Compliance)
နိုင်ငံတကာလက်စွဲစာအုပ်(Operational Manual)တွေဟာ အဖွဲ့အစည်းတစ်ခုမှာ သီးသန့် HR ဌာန၊ ဘဏ္ဍာရေးဌာန၊ ဝယ်ယူရေး (Procurement) ဌာနနဲ့ သီးသန့်စာရင်းစစ် (Internal Auditor) တွေ အပြည့်အစုံရှိတယ်လို့ ယူဆပြီး ရေးထားကြတာပါ။
ဒါပေမယ့် ဒေသခံ အဲန်ဂျီအိုအများစုမှာတော့ ဘဏ္ဍာရေးမန်နေဂျာကပဲ HR ကော၊ Admin ကော အကုန်တွဲလုပ်နေရတာမျိုး ဖြစ်နေတတ်ပါတယ်။ ဝန်ထမ်းအနည်းငယ်နဲ့ လည်ပတ်နေရတဲ့ အဖွဲ့တစ်ခုကို စာမျက်နှာ ၁၅၀ စာလောက် ဝယ်ယူမှုလမ်းညွှန်ကြီးစာအုပ်အတိုင်း အဆင့်ဆင့် Quotation တောင်းခိုင်းတာ၊ အတည်ပြုချက်တွေ ယူခိုင်းတာဟာ “စာရွက်ပေါ်မှာပဲ အလှူရှင်ကြိုက် လိုက်နာပြရတဲ့စနစ်” ကို ဖြစ်စေပါတယ်။ တစ်ကယ်တော့ ဒါတွေဟာ စာရွက်ပေါ်မှာတော့ မူဝါဒတွေ ရှိနေပေမယ့်လည်း လက်တွေ့မြေပြင်မှာ ဝန်ထမ်းတွေ မလိုက်နာနိုင်တဲ့အတွက် အဖွဲ့အစည်းမှာ လျှို့ဝှက်အန္တရာယ် (Hidden Risks) တွေ ပိုများလာစေပါတယ်။
၂။ စင်ပေါ်မှာ စာအုပ်ကြီးတွေ ဖုန်တက်နေခြင်း (Sit on a shelf)
ဒေသခံ အဲန်ဂျီအိုတော်တော်များများရဲ့ ရုံးခန်းတွေမှာ နိုင်ငံတကာအဆင့်မီ ဖိုင်တွဲကြီးတွေ၊ မူဝါဒစာအုပ်ကြီးတွေ စီစီရီရီ ရှိနေတတ်ပါတယ်(မသိရင် ဓာတ်ပုံပြခန်းလိုလိုပေါ့လေ)။ ဒါပေမယ့် အဲဒီစာအုပ်ကြီးတွေကို ရေးဆွဲတုန်းကပဲ ကြည့်ဖြစ်ပြီး နောက်ပိုင်းမှာ ဘယ်သူမှ ပြန်မဖတ်ဖြစ်တော့ပါဘူး။
ဝန်ထမ်းအသစ်တွေ ဝင်လာရင်လည်း ဒီစာအုပ်ကြီးတွေကို နားလည်အောင် ဖတ်ရှုဖို့ အချိန်မပေးနိုင်ကြပါဘူး။ မူဝါဒတစ်ခုဟာ ဝန်ထမ်းတွေရဲ့ နှလုံးသားထဲမှာ၊ နေ့စဉ် အလုပ်လုပ်တဲ့ ပုံစံထဲမှာ အသက်မဝင်ဘဲ စင်ပေါ်မှာပဲ ဖုန်တက်နေမယ်ဆိုရင် ဒါဟာ စီမံအုပ်ချုပ်မှုစနစ် (Governance) အစစ်အမှန် မဟုတ်ပါဘူး။
၃။ Metta Aid ရဲ့ အယူအဆ - Minimum Viable Policies (MVP)
Metta Aid အနေနဲ့ အကြံပြုချင်တာကတော့ အဖွဲ့အစည်းရဲ့ အင်အား၊ အရင်းအမြစ်နဲ့ မျှတမှုရှိတဲ့ “မျှတရိုးရှင်းသော စီမံအုပ်ချုပ်မှု (Proportional Governance)” စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ဖြစ်ပါတယ်။
စာမျက်နှာ ၁၅၀စာလောက် ရှိပြီး ဘယ်သူမှ မဖတ်တဲ့ မူဝါဒစာအုပ်ကြီးထက်၊ ဝန်ထမ်းတွေ တကယ်နားလည်တဲ့၊ နေ့စဉ်လုပ်ငန်းခွင်မှာ တကယ်လိုက်နာရလွယ်ကူတဲ့၊ အဖွဲ့အစည်းရဲ့ အဓိက အန္တရာယ်တွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ စာမျက်နှာ (၁၀) မျက်နှာစာ အရိုးရှင်းဆုံး မူဝါဒလမ်းညွှန် (MVP) က အဆပေါင်းများစွာ ပိုပြီး အသုံးဝင်ပါတယ်။
💡 တည်ထောင်သူနှင့် ခေါင်းဆောင်တွေအတွက် မက်ဆေ့ခ်ျ
“ပေါ်လစီဆိုတာ အလှူရှင်ကို ပြဖို့သက်သက် မဟုတ်ပါဘူး။ သင့်အဖွဲ့အစည်းရဲ့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းတွေကို မြေပြင်မှာ တကယ်ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။”
သင့် အဲန်ဂျီအိုမှာ လက်ရှိ ရှိနေတဲ့ မူဝါဒတွေဟာ မြေပြင်က ဝန်ထမ်းတွေ တကယ် လိုက်နာရလွယ်ကူရဲ့လား။ အမှန်တကယ် အသုံးချရတာ လွယ်ကူရဲ့လား။ ဒါမှမဟုတ် အလှူရှင် စစ်ဆေးတဲ့အခါပြဖို့ စာရွက်စာတမ်းတွေ တောင်လိုပုံထားပြီး လုပ်ငန်းတွေက ကြန့်ကြာနေပါတုန်းပဲလား။
သင့်အဖွဲ့အစည်းရဲ့ အင်အားနဲ့ ကိုက်ညီမယ့် Minimum Viable Policies (MVP) တွေအဖြစ် ဘယ်လို ပြန်လည်ပြုပြင် မွမ်းမံရမလဲဆိုတာ Metta Aid က ကူညီပေးဖို့ အဆင်သင့် ရှိနေပါတယ်။ အကယ်၍များ အေဒီလို စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်ဆို Metta Aid ရဲ့ Messenger ကနေ ဖြစ်စေ၊ အီးမဲလ်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အသေးစိတ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
အားလုံး အဆင်ပြေကြပါစေ။




Comments