ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်အပိုင်း (၂)
- Metta Aid
- Jul 21
- 2 min read
တည်ထောင်သူရဲ့ စေတနာနဲ့ ဘုတ်အဖွဲ့ရဲ့ အာဏာကို ဘယ်လိုမျှဝေမလဲ။ (The Founder’s Dilemma)
မြန်မာပြည်က အဲန်ဂျီအိုတည်ထောင်သူတွေရဲ့ သေးငယ်သော အမှားမှ အကြီးမားဆုံး ထိခိုက်နစ်နာမှု အပိုင်း (၁) ကို တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အခု အပိုင်း (၂) အနေနဲ့ အပိုင်း (၁) မှာ တင်ဆက်ထားတဲ့ အထဲက “အဖွဲ့အစည်းတည်ထောင်သူတွေရဲ့ အခန်းကဏ္ဍနဲ့ ဘုတ်အဖွဲ့၊ SMTအဖွဲ့ ကြားမှာ လုပ်ပိုင်ခွင့်ကို ဘယ်လိုချိန်ညှိရမလဲ” ဆိုတဲ့ တည်ထောင်သူတွေရဲ့ အခန်းကဏ္ဍကို အလေးပေးတင်ဆက်ပေးသွားမှာပါ။ အပိုင်း (၁) နှင့် (၂) အရေးအသားချင်းတူညီနေသယောင်လို့ ထင်ရပေမယ့် ရည်ရွယ်ချက်ဖြင့် ကွာခြားပါတယ်။ ဒါကို သတိချပ်စေချင်ပါတယ်။ ဆိုတော့ အပိုင်း (၂) ကို စရအောင်ပါ။
စေတနာနဲ့ တည်ထောင်ခဲ့ပေမယ့် အာဏာနဲ့ စနစ်ကြား ညှပ်နေတဲ့ မြန်မာပြည်က NGO Founders များ
မြန်မာပြည်က ဒေသခံအဲန်ဂျီအိုအများစုဟာ အဖွဲ့အစည်းကို ကြီးပြင်းလာအောင် ကိုယ်တိုင် သွေးချွေးစိုက်၊ ရုန်းကန်ပြီး ပျိုးထောင်ခဲ့ကြရတာပါ။ တည်ထောင်သူ (Founders) တွေဟာ အဖွဲ့အစည်းအပေါ် မိဘတစ်ယောက်လို သံယောဇဉ် ကြီးမားကြပါတယ်။
ဒါပေမယ့် အဖွဲ့အစည်း ကြီးထွားလာပြီး နိုင်ငံတကာ (သို့မဟုတ်) နိုင်ငံတော်အဆင့်မီ ဖောင်ဒေးရှင်းတစ်ခု ဖြစ်လာဖို့ ကြိုးစားတဲ့အခါ တည်ထောင်သူတိုင်း ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အကျပ်အတည်းတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ “တည်ထောင်သူတို့၏ အခက်အခဲ” (The Founder's Dilemma) ပဲ ဖြစ်ပါတယ်။
နိုင်ငံတကာ စီမံအုပ်ချုပ်မှုစာအုပ်တွေကတော့ ပြောတာလွယ်ပါတယ်။ “တည်ထောင်သူက ဖယ်ပေးပါ၊ လုပ်ပိုင်ခွင့်ကို သီးသန့်လွတ်လပ်တဲ့ ဘုတ်အဖွဲ့ (BoD) ဆီ အကုန်လွှဲပေးပါ” တဲ့။ ဒါပေမယ့် လက်တွေ့ မြန်မာ့မြေပြင်မှာ ဒါဟာ ဘာကြောင့် အလုပ်မဖြစ်ရသလဲဆိုတာ ကြည့်ရအောင် 👇
၁။ သိကျွမ်းသူတွေနဲ့သာ ဖွဲ့စည်းမိတဲ့ “အမည်ခံ” ဘုတ်အဖွဲ့ (The Paper Board)
လုပ်ငန်းစတင်ချိန်မှာ လွယ်ကူမြန်ဆန်စေဖို့နဲ့ ယုံကြည်စိတ်ချရဖို့အတွက် မိမိနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ လူမှုပတ်ဝန်းကျင်မှာ မျက်နှာပန်းလှသူတွေကိုပဲ ရွေးချယ်ပြီး BoD ဖွဲ့လိုက်မိတတ်ပါတယ်။
ရလဒ်ကတော့ အဲဒီဘုတ်အဖွဲ့ဝင်တွေဟာ အလှူရှင် (Donor) စာရွက်စာတမ်းပြဖို့သက်သက် “အမည်ခံ” သာဖြစ်သွားပြီး၊ အဓိက ဆုံးဖြတ်ချက်ကြီးတွေ ချမှတ်တဲ့နေရာမှာ သူတို့ရဲ့ အခန်းကဏ္ဍဟာ လုံးဝမရှိသလောက် ပျောက်ဆုံးသွားပါတယ်။ ဆုံးဖြတ်ချက်အားလုံးက တည်ထောင်သူတစ်ဦးတည်းအပေါ်မှာပဲ ဆက်ပြီး ဗဟိုပြုနေတာကြောင့် ဘုတ်အဖွဲ့ဟာ အသက်မဲ့တဲ့ စနစ်တစ်ခု ဖြစ်သွားရပါတယ်ဆိုတဲ့အကြောင်းကို အပိုင်း (၁) မှာ အကျယ်တဝံ့တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
၂။ စာရွက်ပေါ်က SMT နဲ့ လက်တွေ့မြေပြင် သြဇာလွှမ်းမိုးမှု
အဖွဲ့အစည်း ကြီးထွားလာလို့ Senior Management Team (SMT) ခေါ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပြီး စာရွက်ပေါ်မှာ တာဝန်တွေ၊ လုပ်ပိုင်ခွင့် (ToR) တွေ အပြည့်အဝ ပေးထားတတ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဝန်ထမ်းတွေအပေါ် အပြည့်အဝ မယုံကြည်နိုင်သေးတာကြောင့် ဖြစ်စေ၊ စိုးရိမ်စိတ်ကြောင့် ဖြစ်စေ ကိစ္စအသေးအဖွဲကအစ တည်ထောင်သူရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ဆုံးဖြတ်ချက်တွေက နောက်ကွယ်ကနေ အမြဲ သက်ရောက်နေတတ်ပါတယ်။ ဒါဟာ SMT ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရဲစွမ်းနဲ့ ခေါင်းဆောင်မှုတာဝန်ယူစိတ် (Leadership Ownership) ကို တဖြည်းဖြည်း သတ်ပစ်လိုက်သလို ဖြစ်စေပါတယ်။
၃။ သေးငယ်သော အမှားမှ အကြီးမားဆုံး ထိခိုက်နစ်နာမှု (Macro-Impact)
“ငါ့အဖွဲ့ပဲ၊ ငါပဲ ဆုံးဖြတ်မယ်” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသေးစိတ်လိုက်လံချုပ်ကိုင်ခြင်း (Micro-management) လုပ်မိတဲ့ သေးငယ်တဲ့အမှားဟာ ရေရှည်မှာ အဖွဲ့အစည်းကို ကြီးမားစွာ ထိခိုက်စေပါတယ်။
၁။ Institutional Trust ကျဆင်းခြင်း
အလှူရှင်တွေဟာ တစ်ဦးတစ်ယောက်တည်းကပဲ အာဏာချုပ်ကိုင်ထားတဲ့အဖွဲ့တွေကို ရေရှည်ရန်ပုံငွေအကြီးကြီးတွေ ပေးဖို့ လက်တွန့်တတ်ကြပါတယ်။ အပြန်အလှန်ထိန်းကျောင်းမှုစနစ် (Checks & Balances) မရှိလို့ ဖြစ်ပါတယ်။
၂။ မျိုးဆက်ပြတ်တောက်ခြင်း
ဆုံးဖြတ်ချက်မှန်သမျှကို တည်ထောင်သူတစ်ဦးတည်းကပဲ လုပ်နေရင်၊ တစ်နေ့နေ့မှာ တည်ထောင်သူ မဦးဆောင်နိုင်တော့တဲ့အခါ အဖွဲ့အစည်းပါ တစ်ပါတည်း ပြိုလဲသွားနိုင်ပါတယ်။
💡 Metta Aid ရဲ့ အကြံပြုချက်
“စေတနာ” ကို “စနစ်” ဖြစ်အောင် ပြောင်းလဲပါ။
တည်ထောင်သူတွေရဲ့ ဖြူစင်တဲ့ စေတနာကို Metta Aid က အပြည့်အဝ တန်ဖိုးထားပါတယ်။ ဒါပေမယ့် သင့်အဖွဲ့အစည်း ရေရှည်တည်တံ့ပြီး ပြည်သူလူထုကို အမှန်တစ်ကယ် အကျိုးပြုတဲ့ အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် အနောက်တိုင်းလာစာအုပ်ကြီးတွေအတိုင်း အာဏာကို ချက်ချင်းလွှဲခိုင်းတာမျိုး မဟုတ်ဘဲ “ယဉ်ကျေးမှုအရ အသွင်ကူးပြောင်းမယ့် လမ်းကြောင်း” (Transition Runway)" တစ်ခုကို တည်ဆောက်ရပါမယ်။
အဆင့် (၁)
BoD အဖွဲ့ဝင်တွေကို ရိုးရိုးအမည်ခံသက်သက်ကနေ အဖွဲ့အစည်းရဲ့ အန္တရာယ်တွေကို အတူတူရင်ဆိုင်ပေးမယ့် Strategic Engine တွေအဖြစ် ပြောင်းလဲပါ။
အဆင့် (၂)
SMT အဖွဲ့ကို စာရွက်ပေါ်မှာတင်မဟုတ်ဘဲ လက်တွေ့မှာပါ အမှားခံပြီး ဆုံးဖြတ်ပိုင်ခွင့်ပေးထားတဲ့ စစ်မှန်တဲ့ လုပ်ပိုင်ခွင့်ခွဲဝေမှု (Empowerment) ကို စတင်လေ့ကျင့်ပေးပါ။
“တည်ထောင်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူထုကို ရေရှည်အကျိုးပြုနိုင်မယ့် အင်စတီကျူးရှင်း (Institution) တစ်ခု ဖြစ်လာဖို့ဆိုရင် “စေတနာ” ထဲမှာ “စနစ်” ကို ထည့်သွင်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။”
သင့် အဖွဲ့အစည်းမှာကော တည်ထောင်သူရဲ့ အခန်းကဏ္ဍနဲ့ ဘုတ်အဖွဲ့၊ SMTအဖွဲ့ ကြားမှာ လုပ်ပိုင်ခွင့် ချိန်ညှိရခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသလား။ အကယ်၍များ အေဒီလို စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်ဆို Metta Aid ရဲ့ Messenger ကနေ ဖြစ်စေ၊ အီးမဲလ်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အသေးစိတ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။




Comments