ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန် အပိုင်း (၁)
- Metta Aid
- Jul 21
- 2 min read
မြန်မာပြည်က အဲန်ဂျီအိုတည်ထောင်သူအချို့ရဲ့ သေးငယ်သော အမှားမှ အကြီးမားဆုံး ထိခိုက်နစ်နာမှု (The Micro-Mistake with Macro-Impact)
မြန်မာနိုင်ငံက ဒေသခံ အဲန်ဂျီအိုတည်ထောင်သူအများစုဟာ လူသားအကျိုးပြုလုပ်ငန်းတွေကို ထိထိမိမိ ကူညီချင်ကြတဲ့ ဖြူစင်တဲ့ စေတနာကိုယ်စီနဲ့ စတင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တည်ထောင်သူအချို့ဟာ အဲန်ဂျီအိုလုပ်ငန်း (တစ်နည်း အဲန်ဂျီအိုလောက)အကြောင်း၊ စီမံခန့်ခွဲမှုအကြောင်း ကောင်းစွာသိနားလည်တဲ့ ပညာရှင်တွေ ဖြစ်ကြသလို၊ အချို့မှာမူ အဲန်ဂျီအိုလုပ်ငန်းသဘောသဘာဝကို လုံးဝမသိနားမလည်သော်လည်း ခိုင်မာထက်သန်တဲ့ ကူညီလိုစိတ် (Passion) တစ်ခုတည်းနဲ့ စတင်လာကြသူများ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ချင်း တူညီကြသော်လည်း လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါ “သေးငယ်တယ်လို့ ထင်ရတဲ့ စီမံခန့်ခွဲမှု အမှားအယွင်းလေးတွေ” ကြောင့် အဖွဲ့အစည်း အကြီးအကျယ် နစ်နာဆုံးရှုံးရတတ်ပါတယ်။
အဲဒီအချက်တွေကို စနစ်တကျ သုံးသပ်ကြည့်တဲ့အခါ
၁။ အမည်ခံ ဘုတ်အဖွဲ့ (The Paper Board) နှင့် အာဏာဗဟိုပြုမှု
လုပ်ငန်းစတင်ချိန်မှာ လွယ်ကူမြန်ဆန်စေရန်အတွက် မိမိနှင့် ရင်းနှီးကျွမ်းဝင်သူတွေ၊ လူမှုပတ်ဝန်းကျင်တွင် မျက်နှာပန်းလှသူတွေကိုသာ ရွေးချယ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ (BoD) ကို ဖွဲ့စည်းလေ့ရှိပါတယ်။ (အချို့က အမျိုးတွေစု ဖွဲ့စည်းကြတာတွေလည်း ရှိသေး။ 🤔🤔🤣) ရလဒ်အနေနဲ့ ဘုတ်အဖွဲ့ဝင်များဟာ အလှူရှင် (Donor) လိုအပ်ချက်အရ “စာရွက်ပေါ်တွင် နာမည်ခံသက်သက်” ဖြစ်သွားပြီး၊ အဓိက ဆုံးဖြတ်ချက် (Major Decisions) တွေ ချမှတ်တဲ့အခါ သူတို့ရဲ့ အခန်းကဏ္ဍဟာ လုံးဝမရှိသလောက် ပျောက်ဆုံးသွားတတ်ပါတယ်။ ထို့ကြောင့် ဆုံးဖြတ်ချက်အားလုံးသည် တည်ထောင်သူတစ်ဦးတည်းအပေါ်၌သာ ဗဟိုပြုနေတတ်ပါတယ်။
ဥပမာအနေနဲ့ အစည်းအဝေး (Board Meeting) ပြုလုပ်ကြသည်၊ ဆွေးနွေးကြသည်၊ ဆုံးဖြတ်ကြသည်(မသိရင် အတူတူဆွေးနွေးဆုံဖြတ်ကြတယ်ပေါ့လေ။ 🤣🤣 ) ဟုဆိုသော်လည်းပဲ အစည်းအဝေးမှတ်တမ်း (Meeting Minutes) တင်မထားခြင်း၊ မရှိခြင်း ဖြစ်သည်။ အစည်းအဝေးမှတ်တမ်း မရှိခြင်းကြောင့်၊
⚠️ ဘုတ်အဖွဲ့ဥက္ကဋ္ဌ (Chairman of the Board/Founder) အနေဖြင့် အမှုဆောင်ဒါရိုက်တာ (Executive Director) ကို အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခြင်း မရှိတော့ပါ။ ထို့ကြောင့် မိမိဆုံးဖြတ်ထားသည့်အတိုင်းသာ လမ်းညွှန်မှုပြုလုပ်တတ်တဲ့ အလေ့အထ ဖြစ်သွားတတ်ပါတယ်။
⚠️ အမှုဆောင်ဒါရိုက်တာ (Founder/Chairman of the Board/Executive Director) ဟာ ဘုတ်အဖွဲ့ရဲ့ ထိန်းကျောင်းမှု ကင်းမဲ့သွားသည့်အတွက် မိမိစိတ်ကြိုက် ဆုံးဖြတ်ချက်တွေကိုသာ ဦးစားပေး လုပ်ဆောင်တတ်ပါတယ်။
⚠️ အကယ်၍ ဘုတ်အဖွဲ့က အတည်ပြုချက်မှတ်တမ်း (Approved Meeting Decisions) တစ်စုံတစ်ရာပေးထားလျှင်ပင် မှတ်တမ်းအထောက်အထား ခိုင်လုံမှုမရှိခြင်း သို့မဟုတ် စနစ်တကျ မရှိခြင်းတို့ကြောင့် Founder & Executive Director များဟာ လုပ်ငန်းခွင်မှာ မိမိတို့လုပ်ချင်ရာကိုသာ လုပ်ဆောင်သွားတတ်တဲ့ အလေ့အထများ ဖြစ်ပေါ်တတ်ပါတယ်။
👉 ဒီအချက်တွေဟာ အဖွဲ့အစည်းရဲ့ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု (Accountability) ကို လျော့နည်းစေပြီးတော့ ရေရှည်မှာ အဖွဲ့အစည်းရဲ့ ရပ်တည်မှုကို ထိခိုက်စေနိုင်တဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။
၂။ စာရွက်ပေါ်က အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ (SMT) နှင့် လက်တွေ့မြေပြင် ဩဇာလွှမ်းမိုးမှု
Senior Management Team (SMT) ခေါ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပြီး စာရွက်ပေါ်မှာ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရား (ToR)တွေ အပြည့်အဝ ပေးထားသော်လည်းပဲ၊ လက်တွေ့မြေပြင်မှာ တည်ထောင်သူရဲ့ ဩဇာလွှမ်းမိုးမှုနှင့် စွက်ဖက်မှုတွေဟာ အတိုင်းအတာတစ်ခုအထိ အမြဲရှိနေတတ်ပါတယ်။ အေတာဟာ SMT အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရဲစွမ်းနှင့် ခေါင်းဆောင်မှုအရည်အသွေး (Leadership Ownership) ကို တဖြည်းဖြည်း မှေးမှိန်သွားစေပါတယ်။
၃။ ဝန်ထမ်းများအပေါ် မယုံကြည်မှုနှင့် အသေးစိတ်လိုက်လံချုပ်ကိုင်ခြင်း
တည်ထောင်သူအများစုဟာ မိမိတို့ သွေးချွေးစိုက်ပြီး တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့်မို့ စိုးရိမ်စိတ်လွန်ကဲပြီးတော့ ဝန်ထမ်းတွေကို အပြည့်အဝ မယုံကြည်ကြဘဲ “ကိစ္စအသေးအဖွဲလေးကအစ မိမိကိုယ်တိုင် သိမှ၊ မိမိကိုယ်တိုင် ဆုံးဖြတ်မှ စိတ်ချရတယ်။”လို့ ယူဆတတ်ကြပါတယ်။ ဒီလိုမျိုး အသေးစိတ်လိုက်လံချုပ်ကိုင်ခြင်းဟာ ဝန်ထမ်းတွေကို စိတ်ပျက်အားလျော့စေပြီး အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေကို မိမိအဖွဲ့အစည်းကနေ ထွက်ခွာသွားရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်လာပါတယ်။
⚠️ ဒီလို အသေးအဖွဲလို့ ထင်ရတဲ့ အမှားလေးတွေကြောင့် ကြုံတွေ့ရမယ့် “အကြီးမားဆုံး ထိခိုက်နစ်နာမှုများ” (The Macro-Impact) 💥💥
သင် ထုတ်မပြောသည့်တိုင် “ငါတည်ထောင်တာပဲ၊ ငါ့အဖွဲ့ပဲ ငါပဲ ဆုံးဖြတ်မယ်၊ ငါ သိတယ်” ဆိုတဲ့ သေးငယ်တဲ့ အယူအဆအမှားတွေဟာ ရေရှည်မှာ သင်တည်ထောင်တဲ့ အဖွဲ့အစည်းကို အောက်ပါအတိုင်း အကြီးအကျယ် ထိခိုက်စေပါတယ်။
၁။ အလှူရှင်တွေရဲ့ ယုံကြည်မှုကျဆင်းခြင်း
နိုင်ငံတကာအလှူရှင်များဟာ တစ်ဦးတစ်ယောက်တည်းကသာ အာဏာချုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ (Founder-dominated NGOs) ကို ရေရှည်ရန်ပုံငွေ ပေးအပ်ဖို့ လက်တွန့်လေ့ရှိကြပါတယ်။ ခိုင်မာပြီးတော့ လွတ်လပ်တဲ့ အပြန်အလှန်ထိန်းကျောင်းမှုစနစ် (Checks and Balances) မရှိခြင်းဟာ Financial and Operational Risks တွေကို မြင့်တက်စေတာကြောင့် ဖြစ်ပါတယ်။
၂။ ခေါင်းဆောင်မှု မျိုးဆက်ပြတ်တောက်ခြင်း
ဆုံးဖြတ်ချက်အားလုံးကို တည်ထောင်သူကပဲ လုပ်နေတယ်ဆိုရင်၊ တစ်နေ့နေ့တစ်ချိန်ချိန် တည်ထောင်သူအနေဖြင့် ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြေအနေတစ်ခုခုကြောင့်ဖြစ်စေ အဖွဲ့ကို မဦးဆောင်နိုင်တော့တဲ့အခါ အဖွဲ့အစည်းဟာ တစ်ပါတည်း ပြိုလဲသွားနိုင်သည့် အမြင့်ဆုံးအန္တရာယ် (Institutional Collapse) ရှိပါတယ်။
၃။ မဟာဗျူဟာမြောက် မတွေးခေါ်နိုင်ခြင်း
အရာရာကို တစ်ယောက်တည်း လိုက်လုပ်နေရသည့်အတွက် တည်ထောင်သူဟာ နေ့စဉ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စအသေးအဖွဲတွေ (Day-to-day operations) ကြားထဲမှာ နစ်မြုပ်နေပြီးတော့၊ အဖွဲ့အစည်း ရေရှည်ရပ်တည်ရေးအတွက် အရေးကြီးတဲ့ မဟာဗျူဟာမြောက် တွေးခေါ်မှုတွေ (Strategic Thinking) ကို မလုပ်ဆောင်နိုင်တော့ပါဘူး။
💡 Metta Aid မှ အကြံပြုချက်
“စေတနာနှင့် စတင်ခဲ့တဲ့ လုပ်ငန်းတစ်ခုဟာ စနစ်မရှိဘူးဆိုရင် ရေရှည်မခံနိုင်ပါဘူး။”
ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း တည်ထောင်သူတွေအနေနဲ့ အရင်ဦးဆုံး မိမိတို့ရဲ့ “စေတနာ” ကို “စနစ်” အဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ BoD အဖွဲ့ဝင်တွေကို တကယ်အလုပ်လုပ်တဲ့ Strategic Engine တွေအဖြစ် ပြောင်းလဲခြင်း၊ SMT အဖွဲ့ကို စာရွက်ပေါ်မှာ မဟုတ်ဘဲ၊ လက်တွေ့ စစ်မှန်တဲ့ လုပ်ပိုင်ခွင့်တွေကို လွှဲအပ်ခြင်း (Empowerment) တို့ကို လုပ်ဆောင်ခြင်းအားဖြင့်သာ သင့် အဖွဲ့အစည်းဟာ တည်ထောင်သူ “သင်” ရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ လူထုကို ရေရှည်အကျိုးပြုနိုင်မယ့် အင်စတီကျူးရှင်း (Institution) တစ်ခုအဖြစ် ရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။
လိုရင်းတိုရှင်းပြောရရင်
သင်ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း တည်ထောင်သူတစ်ယောက်ဖြစ်တယ်၊ သင့်အဖွဲ့အစည်းကို အထက်က တင်ပြထားတဲ့ အချက် နံပါတ် (၁)အတိုင်း မောင်းနှင်နေတယ်ဆိုရင် “ကျွန်တော်ရဲရဲကြီးပြောရဲတယ်၊ သင်ဟာ လူမှုရေးလုပ်ငန်းကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားရှာဖွေနေသူတစ်ယောက်သာ ဖြစ်ပါတယ်။ အတိုင်းအတာ တစ်ခုအထိကိုပဲ သင်သွားလို့ရမှာ ဖြစ်ပါတယ်။”




Comments